မင်္ဂလာပါ မိတ်ဆွေ

ယူနီကုတ်နဲ့ e-Government

***********************************

အခုမှပဲ e-Government မအောင်မြင်တာ ယူနီကုတ်ထွက်တာနောက်ကျလို့ကြောင့်လို့ ထိုးချကြတယ်။ တကယ်ကဘာမှသိပ်မဆိုင်ပါဘူး။ ယူနီကုတ် မပြောင်းခင်ကတည်းက e-Governmentဖြစ်နေတဲ့ နိုင်ငံတွေမှ အများကြီး။ ယူနီကုတ်က ဘာနဲ့တူသလဲ ဆိုတော့ မုန့်ဟင်းခါးထဲ ထည့်စားတဲ့ ပဲကြော်၊ ဗူးသီးကြော်၊ မန်းလေးပဲကြော်၊ အိုးဘဲဥ၊ ဘဲသွေး စတဲ့ ပါရင်ပိုကောင်းတဲ့ အရာတွေပါ (ပြောရင်းနဲ့ သွားရည်တောင်ယိုလာပြီ) တကယ့်ဖြစ်စဉ်က မြန်မာနိုင်ငံမှာမုန့်ဟင်းခါးဟင်းရည်ကို လုံးဝ မချက်ခဲ့တာပါ။ ငါး မရှိတော့ မရှိလို့၊ ငါးရှိတော့ စပါးလင်၊ ဂျင်းမရှိလို့၊ အဲ့ဒါတွေရှိပြန်တော့လည်း မီးပျက်နေလို့ ထင်းမီးသွေးမရှိလို့နဲ့ အနှစ် ၂၀ လောက် အချိန်တွေဖြုန်းခဲ့ကြတာ။ ဘာပဲပြောပြောငါးရောင်းသူတွေ၊ ထင်း မီးသွေးရောင်းသူတွေကတော့ တော်တော်အဆင်ပြေကြပါတယ်။ ခဏခဏ ရောင်းရတာကိုး။

e-Government တကယ်လုပ်ဖို့က ခေါင်းဆောင်တဲ့သူတွေမှာ ရေရှည်အမြင်ရှိဖို့၊ နောက်လိုက်တွေ အစိုးရဝန်ထမ်းတွေကလည်း ကျရာနေရာကနေ စနစ်တကျ လိုက်ဖို့ပဲလိုတာပါ။ အဓိက လိုနေတဲ့ ငံပြာရည်နဲ့တူတဲ့ e-ID စနစ်အကောင်အထည်မဖေါ်သေးမချင်း e-Government ဘယ်လိုမှမအောင်မြင်ပဲ သတင်းကြေငြာတဲ့ website တွေပဲပေါ်လာအုန်းမှာပါ။ လက်ရှိအစိုးရမှာ ခိုင်မာတဲ့ Data ဘယ်ဌါနမှာမှ မရှိပါဘူး။ တစ်နည်းအားဖြင့် Digital Data နဲ့ပိုင်ဆိုင်မှုတွေ မပြောနဲ့ ကိုယ့် ပြည်သူပြည်သားတွေကို Digital စနစ်နဲ့တောင်မသိသေးပါဘူး။

ဘာပဲပြောပြော ဗူးသီးကြော်၊ ပဲကြော်တော့ ရပါပြီ။ ငါးပြုတ် ဆီသတ်၊ ဂျင်း၊ စပါးလင် သင်ပြီးထောင်းရအုန်းမယ်။ဒီနေရာမှာ အရေးကြီးတာက ဂျင်း မများဖို့ပဲ။ ဂျင်းများလွန်းရင် စပါးလင် ရဲ့ အမွှေးနံ့ကို ပျောက်သွားပြီးမုန့်ဟင်းခါးက ပူစပ်စပ်နဲ့ စားမကောင်းမှာ စိုးလို့ပါ။

ခင်မင်စွာဖြင့်

အမဝ